ဝန်ထမ်းများအတွက် အခမဲ့ဝန်ဆောင်မှု ကုမ္ပဏီများအတွက် သက်သာသောနှုန်းထားများ ကုမ္ပဏီများအတွက် စုံလင်သော ဝန်ဆောင်မှုပုံစံများအား ဝန်ဆောင်မှုပေးလျက်ရှိပါသည်
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

13 January 2013

ရိုး



ချစ်ကြင်နေချိန်
ရယ်မောနေချိန်
စိတ်ဆိုးနေချိန်
ဝေးကြရချိန်
လွမ်းကြရချိန်
ဒုက္ခရောက်ချိန်..တွေကို
ငါကြမှ…ဖြစ်ရလေချင်းရယ်လို့ 
မတွေးပါနဲ့ ………..
သမာရိုးကျရေစီးထဲက..ခွဲမထွက်ပါဘူး..။

ရင်ဆိုး



သတ်မှတ်ထားတဲ့
အချိန်တစ်ခုအတွက်
နာရီသံဟာ……
ခြောက်ချားစရာ အသံတစ်ခု
ဖြစ်ကောင်းဖြစ်နိုင်တယ်..။

အသံရယ်လို့မကျယ်ပေမယ့်
ပြက္ခဒိန်လှန်သံတွေက
ငါ့နားမှာတော့ခါးလွန်းလှတယ်။

ပန်းရောင်မီးခိုးတွေဖုံးနေတော့
အစိမ်းရောင်ကွင်းပြင်ကို
ပုံရိပ်ရှိတယ်တောင်မထင်ခဲ့ဘူး…။

ကမ်းပေါ်ကိုတက်တော့မှ
ငါဖြတ်ခဲ့တဲ့မြစ်က
ပုံဆောင်မှုတွေမရှိပါပဲ
အသွင်ပြောင်းသွားပါရော့လား။

စိမ်း



မီးစမ်းပြခြင်းမဟုတ်တဲ့
မျက်လုံးစိမ်းစိမ်းတွေ
 
စိမ်းတာချင်းတူပေမယ့်
တိမ်းတာချင်းကွဲခဲ့တယ်
 
ယိမ်းသွေနေတဲ့..နှလုံးသားကို
ငြိမ်းအေးသွားအောင် ဘာလုပ်ပေးခဲ့လည်း…။
 
နင်ဟာ….
ငါ့အတိတ်မဟုတ်ခဲ့သလို
ငါ့အနာဂတ်ဖြစ်မလာလဲစိုးမိတယ်။

ငှက်



မြေပေါ်မှာလျှောက်နေလည်း
ခဏပါပဲ….။

အစာဝလို့ အသိုက်ပြန်ရင်
လေပေါ်တက်မှာပဲလေ….။

တစ်ဖက်သတ်



ဦးခေါင်းတစ်ခုထဲရှိတဲ့
မြှားသဏ္ဍာန်နှယ်
ညှို့ လွတ်ရုန်းထွက်
အဝေးကိုပြေးတာနဲ
နောက်ကြောင်းမပြန်သလို…..။

ငါ့ရဲ့ အချစ်..အနှစ်အစစ်ကိုလည်း
မင်းရင်ခွင်သို့ချိန်ရွယ်ပစ်လွှတ်လိုက်မည်…။

ရှောင်၏……………………………………
မရှောင်၏………………………………….
စဉ်းစားပါကွယ်……ငါ့မိန်းမငယ်………။

09 January 2013

“အိမ်”...”လူ”..အို


တိတ်တစ်ဆိတ်နဲ့
မင်းနှုတ်ဆက်ခဲ့တဲ့
နေရာလေးလေ……။

မင်းပျိုးထောင်ခဲ့တဲ့
အိမ်နန်းလေးကို
မင်းရှိနေသလိုပဲ
ထိန်းပေးခဲ့တယ်
သိမ်းပေးခဲ့တယ်
မင်းပြန်လာနိုင်တဲ့တစ်နေ့
မြင်နိုင်အောင်လေ……။

တစ်ယောက်ထဲဆိုပေမယ့်လည်း
သတိတရလေးကအဖော်လုပ်နေသား……။
မလွမ်းဘူးတော့ဘယ်ဟုတ်ပါ့မလည်း
သတိရတိုင်းဖတ်မိတဲ့ မင်းလက်ရေးလေးတွေ
နေရာတိုင်းမှာ ကျန်နေခဲ့တဲ့မင်းအရိပ်တွေ
စိတ်မှာထင်တိုင်းထကြည့်မိတဲ့
မင်းခေါ်သံတွေ
တကယ်များသာဆိုရင်ကွယ်..!!!!

ပျိုးပင်လေးတွေလည်း
ငွားငွားစွင့်စွင့် တင့်လိုက်ကြတာ။
စံပယ်ပွင့်ချိန်လည်းကျော်ခဲ့ပြန်ပေါ့
မှတ်မိသေးလား………………………….? ???
မင်းစိုက်ခဲ့တဲ့
ခရေပင်ပုပုလေးလေ
အခု…..တို့တတွေအိမ်လေးကို
အရိပ်ပေးနေပေါ့……။

ကျားကန်ရာတွေပြည့်လာတော့
အိမ်လေးကိုမင်းမှတ်မိပါ့လား
ငါမှာလည်း……
လောကဓံကန်ရာတွေ
ပြည့်နေပါပြီ ။

မင်း……..မှတ်မိနိုင်ပါ့လား……။




08 January 2013

ဆောင်း..စောင်း

ဒီလေ................
ဒီရနံ.................
ဒီအချိန်.............
ဒီလိုသက်ဆင်းပုံမျိုးတွေ
တွေ့ ဖူးပေါင်းလည်းများလှပြီ။

ရာသီစက်ဝန်တပတ်ယွန်းလို့ 
နွေစွန်းကိုလည်းရောက်ပြန်ပြီ
လွမ်းပုံပြောသလို
နွမ်းပုံရဲ့ ရဲ့ 
သစ်ပင်ဖျားမှာ
အခြောက်ရွက်တွေ
ပျောက်ကြပြန်ပြီ...။

ရွက်သစ်စီသူကစီ
ရွက်ဟောင်းခြွေသူကခြွေ
ကြွေလေသည့်ရက်
ပြက္ခဒိန်သူဖြဲခဲ့သည်....။

“သြော်..ဆောင်းရာသီလည်းစောင်းပြန်ပြီ”

24 June 2012

ကျွန်တော့်အချစ်သည်.........

မျှော်လင့်ချက်နှင့်ဖန်တီးထားသော
ယုံကြည်ချက်နှင့် တည်ဆောက်ထားသော
သံသယကင်းစွာ ကြည့်တတ်သော
ခွင့်လွတ်နားလည်စွာနှင့် ပြုံးပြသော………….
…သော….သော…..သော…သော….စီညံ   ။

…………ချစ်သူ….ဟု ကျွန်တော်သမုတ်သော
ကျွန်တော်သိပ်ချစ်သော
ကျွန်တော့်အား သိပ်ချစ်သည်ဟုပြောတတ်သော
ကျွန်တော့် ချစ်သူ ။……..  ။

ရင်ခွင်တစ်ခု၏ အစတွင်
ချစ်ခြင်းအား အုတ်မြစ်ချခဲ့သည် ။…..။

ကျွန်တော့်အချစ်သည်
မြစ်တစ်ခုနှင့်သာတူသည်
မြစ်တစ်ခုရေမြုတ် သွားချိန်တိုင်
ရေတို့ ပျောက်ကွယ်မသွား
ပင်လယ် တစ်ခုအဖြစ်သာ
အသွင်ပြောင်းသွားခဲ့သည် ။………..။

သူ့ ကြောင့်သာ....ရှင်သန်နေကြသည်

 
 
ခဏလေးပါပဲ
လေငြိမ်တော့မှာပါ။
ခဏလေးပါပဲ
မှောင်ချိန်ကုန်လို့ 
ရောင်နီပျို့ တော့မှာပါ။

ခဏတော့သည်းခံပါ
ဝမ်းနည်းစရာတွေ
ခမ်းတော့မှာပါ ။

ခဏတော့စောင့်ပါ
မျှော်လင့်ချက်ကတော့
နည်းနည်းကြာတယ် ။
 
 

25 February 2012

“ ပြဌာန်းချက် ”

မူးလျှင်မရမ်းရ
ရမ်းလျှင်မမူးရ
မူး၍ရမ်းသူများအား
ဘုံဆိုင်ရန်သူအဖြစ်သတ်မှတ်ခြေမှုန်းကြ။

  “ နှစ်လုံးတစ်ပိုင်းအကုန် အရက်ဝိုင်းမှချမှတ်သည့် ဇိုးသမားတို့၏ သံဓိဌာန် ( ၆ ) ရပ်”

၁ ။ ကျွန်ုပ်တို့သည် အရက်သမားနောက်ပေါက်တို့  ကောင်းစားရေးအတွက် ရှိသမျှအရက်တို့ကို အကုန်
     မြိုဆို့ ကြသည် ။

၂ ။ ကျွန်ုပ်တို့သည် အေးဆေးငြိမ်သက်မှု လိုလားသည် “မူးဆူ” များအားမလိုလား ။

၃ ။ ကျွန်ုပ်တို့သည် ဘုံဆိုင်အတွင်း အပြင် ငြိမ်းချမ်းရေးအား ထိပါးနှောက်ယှက် သူတို့ အား 
     ဘုံဆိုင်ရန်သူအဖြစ်သတ်မှတ်၍  အရက်မရောင်းရန် တားမြစ်သည် ။

၎ ။ အရက်အတုလိမ်ရောင်းသော ဆိုင်များအားလည်း လိမ်လည်မှုဖြင့်ရဲလက်အပ်မည်။

၅ ။ ကျွန်ုပ်တို့ရေချိန်မကိုက်သေးချိန်၌ အိမ်ပြန်ရန်လာခေါ်သူများအား အပြစ်ရှိသူဟု သတ်မှတ်၍ ၄၅ 
     ခွက်ဒဏ်ခတ်မည် ။

၆ ။ အရက်သမားထုကြီး၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော နည်းနည်းသောက်များများမူးများအား
     “လူမမည်” အမည်တပ်၍  အရက်သောက်ခွင့် ထာဝရပိတ်သည် ။